ျမန္မာအိမ္အကူကိုႏွိပ္စက္တဲ့ စကၤာပူအိမ္ရွင္လင္မယား အျပစ္ရွိေၾကာင္း တရား႐ံုးဆံုးျဖတ္

745

ျမန္မာအိမ္အကူကိုႏွိပ္စက္တဲ့ စကၤာပူအိမ္ရွင္လင္မယား အျပစ္ရွိေၾကာင္း တရား႐ံုးဆံုးျဖတ္

၁၈ ဇန္နဝါရီ၊ ၂၀၁၉
ဗီြအိုေအ (ျမန္မာဌာန)

စကၤာပူႏိုင္ငံမွာ အိမ္အကူ ျမန္မာမိန္းကေလးကို ႏွိပ္စက္တဲ့ဇနီးေမာင္ႏွံမွာ အျပစ္႐ွိတယ္လို႔ ခ႐ိုုင္တရား႐ံုး တခုက ဒီကေန႔ အမိန္႔ခ်လိုက္ပါတယ္။

အိမ္အကူ မျဖဴျဖဴမာကို ေရေႏြးပူနဲ႔ ကိုယ့္ကိုကိုယ္ ေလာင္းခိုင္းမႈ အပါအဝင္ ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈ ၅ မႈ အျပင္ ဓါတု ေဆးရည္နဲ႔ ၾကမ္းတိုက္ထားတဲ့အရည္ေတြကို အတင္းေသာက္ခိုင္း မႈတို႔နဲ႔ အသက္ ၃၉ ႏွစ္အ႐ြယ္ Linda Seah မွာအျပစ္႐ွိတယ္လို႔ တရား႐ံုးက ဆံုးျဖတ္ခဲ့ပါတယ္။ သူ႔ရဲ႕ခင္ပြန္း အသက္ ၄၄ ႏွစ္အ႐ြယ္ Lim Toon Leng ကိုလည္း ကုိယ္ထိလက္ေရာက္က်ဴးလြန္မႈ ၁ မႈနဲ႔ အျပစ္႐ွိေၾကာင္း ေတြ႔႐ွိပါတယ္။

သူတို႔ရဲ႕ေနအိမ္မွာ က်ဴးလြန္ခဲ့မႈေတြကို တရား႐ံုးမွာ စစ္ေဆးၾကား နာခဲ့တာမွာ အလုပ္႐ွင္ Seah က သူ႔ကို ေရေႏြးပူနဲ႔ ကိုယ့္ကိုကိုယ္ ေလာင္းခ်ဖို႔ ၂ ႀကိမ္ခိုင္းခဲ့တယ္လို႔ မျဖဴျဖဴမာက ထြက္ဆိုသြားပါ တယ္။ အနာကို ေဆးခန္းျပေပးရမယ့္အစား အပ္ခၽြန္နဲ႔လည္း ကိုယ့္ကိုကိုယ္ ထိုးခိုင္းခ့ဲ့တယ္လုိ႔ ေျပာပါတယ္။ ဒါတင္မက ၾကမ္းတိုက္ထားတဲ့ေရကို အတင္းေသာက္ခိုင္းတာ၊ ေခါင္းကိုၾကမ္းျပင္နဲ႔ ေဆာင့္တာ၊ ဆံပင္ေတြ အမ်ားႀကီး ကၽြတ္သြားတဲ့အထိ ဆံပင္ေဆာင့္ဆြဲတာ၊ Mobile လက္ကိုင္ဖုန္းနဲ႔ အႀကိမ္ႀကိမ္ ႐ိုက္တာေတြကိုလည္း Linda Seah က က်ဴးလြန္ခဲ့ပါတယ္။

သူ႔ရဲ႕ေယာကၤ်ားကလည္း မျဖဴျဖဴမာကို ၂ ႀကိမ္ လက္သီးနဲ႔ ထိုးခဲ့ပါတယ္။ Linda နဲ႔ Lim တို႔ဟာ နားလည္မႈ႐ွိတဲ့ အလုပ္႐ွင္ေတြအျဖစ္ သူတုိ႔ကိုယ္သူတုိ႔ ပံုေဖာ္ေနၾကေပမယ့္ လံုးဝအမွန္မဟုတ္ဘူးလို႔ တရားသူႀကီးက ဒီကေန႔ အမိန္႔ခ်စဥ္မွာ ေျပာၾကားခဲ့ပါတယ္။ Orchard Road လမ္းမႀကီးေပၚက Anew Me Beauty Aesthetic အလွျပင္ ဆိုင္မွာ မန္ေနဂ်ာလုပ္တဲ့ Linda Seah က မျဖဴျဖဴမာကို သူ႔အလုပ္ကိုေခၚသြားရာက အလုပ္သမား တေယာက္ က အေျခအေနကို ရဲကုိအေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။

၂၀၁၆ ေအာက္တိုဘာ ၁၅ ရက္ေန႔မွာ သူတို႔ေနအိမ္ကိုရဲကဝင္႐ွာၿပီး မျဖဴျဖဴမာကိုလည္း Khoo Teck Puat ေဆး႐ံုပို႔ခဲ့ပါတယ္။ မျဖဴျဖဴမာဟာ ေဆး႐ံုမွာ ၆ ရက္ တက္ေရာက္ ကုသခဲ့ ရပါတယ္။

၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီကေန ေအာက္တိုဘာလအတြင္း အလုပ္လုပ္ခဲ့တဲ့လစာကိုလည္း မေပးတာေၾကာင့္ စကၤာပူ ျပည္သူ႔အင္အား ဦးစီး ဌာနက ဝင္ေရာက္ေျဖ႐ွင္းလို႔ အဲဒီႏွစ္ ႏိုဝင္ဘာလက်မွ လခကို အျပည့္ျပန္ရ တယ္လို႔ အစိုးရေ႐ွ႕ေနေတြက ေျပာပါတယ္။ ဒီအမႈအတြက္ ျပစ္ဒဏ္ကိုေတာ့ February လ ၁၁ ရက္ေန႔မွာ အမိန္႔ခ်မွာျဖစ္ပါတယ္။

VOA Burmese

Unicode Version

မြန်မာအိမ်အကူကိုနှိပ်စက်တဲ့ စင်္ကာပူအိမ်ရှင်လင်မယား အပြစ်ရှိကြောင်း တရားရုံးဆုံးဖြတ်

၁၈ ဇန်နဝါရီ၊ ၂၀၁၉
ဗွီအိုအေ (မြန်မာဌာန)

စင်္ကာပူနိုင်ငံမှာ အိမ်အကူ မြန်မာမိန်းကလေးကို နှိပ်စက်တဲ့ဇနီးမောင်နှံမှာ အပြစ်ရှိတယ်လို့ ခရိုုင်တရားရုံး တခုက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။

အိမ်အကူ မဖြူဖြူမာကို ရေနွေးပူနဲ့ ကိုယ့်ကိုကိုယ် လောင်းခိုင်းမှု အပါအဝင် ကိုယ်ထိလက်ရောက်ကျူးလွန်မှု ၅ မှု အပြင် ဓါတု ဆေးရည်နဲ့ ကြမ်းတိုက်ထားတဲ့အရည်တွေကို အတင်းသောက်ခိုင်း မှုတို့နဲ့ အသက် ၃၉ နှစ်အရွယ် Linda Seah မှာအပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ခင်ပွန်း အသက် ၄၄ နှစ်အရွယ် Lim Toon Leng ကိုလည်း ကိုယ်ထိလက်ရောက်ကျူးလွန်မှု ၁ မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိပါတယ်။

သူတို့ရဲ့နေအိမ်မှာ ကျူးလွန်ခဲ့မှုတွေကို တရားရုံးမှာ စစ်ဆေးကြား နာခဲ့တာမှာ အလုပ်ရှင် Seah က သူ့ကို ရေနွေးပူနဲ့ ကိုယ့်ကိုကိုယ် လောင်းချဖို့ ၂ ကြိမ်ခိုင်းခဲ့တယ်လို့ မဖြူဖြူမာက ထွက်ဆိုသွားပါ တယ်။ အနာကို ဆေးခန်းပြပေးရမယ့်အစား အပ်ချွန်နဲ့လည်း ကိုယ့်ကိုကိုယ် ထိုးခိုင်းခဲ့တယ်လို့ ပြောပါတယ်။ ဒါတင်မက ကြမ်းတိုက်ထားတဲ့ရေကို အတင်းသောက်ခိုင်းတာ၊ ခေါင်းကိုကြမ်းပြင်နဲ့ ဆောင့်တာ၊ ဆံပင်တွေ အများကြီး ကျွတ်သွားတဲ့အထိ ဆံပင်ဆောင့်ဆွဲတာ၊ Mobile လက်ကိုင်ဖုန်းနဲ့ အကြိမ်ကြိမ် ရိုက်တာတွေကိုလည်း Linda Seah က ကျူးလွန်ခဲ့ပါတယ်။

သူ့ရဲ့ယောင်္ကျားကလည်း မဖြူဖြူမာကို ၂ ကြိမ် လက်သီးနဲ့ ထိုးခဲ့ပါတယ်။ Linda နဲ့ Lim တို့ဟာ နားလည်မှုရှိတဲ့ အလုပ်ရှင်တွေအဖြစ် သူတို့ကိုယ်သူတို့ ပုံဖော်နေကြပေမယ့် လုံးဝအမှန်မဟုတ်ဘူးလို့ တရားသူကြီးက ဒီကနေ့ အမိန့်ချစဉ်မှာ ပြောကြားခဲ့ပါတယ်။ Orchard Road လမ်းမကြီးပေါ်က Anew Me Beauty Aesthetic အလှပြင် ဆိုင်မှာ မန်နေဂျာလုပ်တဲ့ Linda Seah က မဖြူဖြူမာကို သူ့အလုပ်ကိုခေါ်သွားရာက အလုပ်သမား တယောက် က အခြေအနေကို ရဲကိုအကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ အောက်တိုဘာ ၁၅ ရက်နေ့မှာ သူတို့နေအိမ်ကိုရဲကဝင်ရှာပြီး မဖြူဖြူမာကိုလည်း Khoo Teck Puat ဆေးရုံပို့ခဲ့ပါတယ်။ မဖြူဖြူမာဟာ ဆေးရုံမှာ ၆ ရက် တက်ရောက် ကုသခဲ့ ရပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီကနေ အောက်တိုဘာလအတွင်း အလုပ်လုပ်ခဲ့တဲ့လစာကိုလည်း မပေးတာကြောင့် စင်္ကာပူ ပြည်သူ့အင်အား ဦးစီး ဌာနက ဝင်ရောက်ဖြေရှင်းလို့ အဲဒီနှစ် နိုဝင်ဘာလကျမှ လခကို အပြည့်ပြန်ရ တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ ဒီအမှုအတွက် ပြစ်ဒဏ်ကိုတော့ February လ ၁၁ ရက်နေ့မှာ အမိန့်ချမှာဖြစ်ပါတယ်။

Facebook Comments
3K Shares